သူငယ်ချင်း တစ်ယောက်အကြောင်း

သူ့နာမည် မောင်မောင်လို့ ဆိုကြပါစို့။ မကြာသေးခင်က သူ့အိုင်ဒီ၊ ဘဏ်အင်တာနက် လျို့ဝှက်ကုဒ်၊ Facebook နဲ့ Yahoo အီးမေလ်းအကောင့်တွေ အခိုးခံလိုက်ရတယ်။ ဖြစ်ပုံက ဒီလို။

၁။ သူက ဘဏ်တစ်ခုကနေ ခရက်ဒစ်ကဒ်လျှောက်လိုက်တယ်။ ၂။ ဘဏ်က ကဒ်ကို စာတိုက်ကတဆင့် ပို့လိုက်တယ်။ တိုက်ခန်းဆိုတော့ စာတိုက်ပုံးကို သူခိုးက အလွယ်တကူ နှိုက်ယူလို့ ရပါတယ်။
၃။ သူ့နာမည် အပြည့်အစုံရယ်၊ PAN (Personal Identification Number) လို့ခေါ်တဲ့ ကိုယ်ပိုင် အင်တာနက် ကုဒ်နံပါတ်ကို စာထဲကနေ ရသွားတယ်။
၄။ အင်တာနက်ကနေ လျှောက်ရှာရင်း ကားအရောင်းအဝယ် website မှာ မောင်မောင်တင်ထားတဲ့ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တွေ ရသွားပြန်တယ်။ မောင်မောင့် Facebook profile ကနေပဲ မွေးနေ့အပြည့်အစုံ ထပ်ရသွားတယ်။
၅။ ဖုန်းနံပါတ်၊ မွေးနေ့၊ လိပ်စာ ရမှာတော့ သူဘာလုပ်မလဲ။ မောင်မောင်ဘာဖုန်းကဒ်သုံးတယ်ဆိုတာ စုံစမ်းပြီး ဖုန်းကုမ္ပဏီကို ဆမ်းကဒ် ပျောက်သွားလို့ အသစ်ထပ်လိုချင်လိုပါဆိုပြီး ဆက်သွယ်တယ်။
၆။ အသစ်ပြောင်းဖို့ လိုအပ်တဲ့ အချက်အလက်တွေ မေးတဲ့အခါ အမည်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်၊ ဖုန်းနံပါတ် အပြည့်အစုံပြောနိုင်တဲ့အတွက် ဖုန်းကုမ္ပဏီက သူခိုးဝယ်ခဲ့တဲ့ ဆမ်းကဒ်အသစ်ကို မောင်မောင်နံပါတ်နဲ့ လွှဲပေးလိုက်တယ်။
၇။ မောင်မောင်ရဲ့ ဖုန်းနံပါတ်ရပြီးဆိုတော့ ဘာလုပ်မလဲ။ Facebook account, Yahoo email account တွေရဲ့ လျို့ဝှက်ကုဒ်တွေပြောင်းတယ်။ ဘဏ်ရဲ့ လျို့ဝှက်နံပါတ်တွေ ပြောင်းတယ်။ သူခိုးဟာ မောင်မောင်အသစ်ဖြစ်သွားပါပြီ။ ခရက်ဒစ်ကဒ်နဲ့ ကြိုက်သလို သုံးနိုင်သွားပါပြီ။

အဲဒီလိုဖြစ်နေချိန်မှာ မောင်မောင်တစ်ယောက်ကတော့ အလုပ်ဖုန်းကို အသုံးပြုနေတာကြောင့် အထက်ပါဖြစ်ရပ်တွေကို သတိမထားမိပါဘူး။ သူ့ကိုယ်ပိုင်ဖုန်း အလုပ်မလုပ်တာတွေ့တဲ့အခါ ဖုန်းကို အပိတ်အဖွင့်ပြန်လုပ်ကြည့်တယ်။ ဖုန်းကုမ္ပဏီကို ဆက်သွယ်တော့လည်း သူ့နံပါတ်က အလုပ်လုပ်နေတယ်။ ဘာမှမဖြစ်ဘူး။ အဲဒီတော့ သူ ဖုန်းဆိုင်ကိုသွားပြီး ဆမ်းကဒ်အသစ်ဝယ်ထည့်ပြီး စမ်းကြည့်ပါတယ်။ နောက် ဘဏ်အင်တာနက် website ကို ဝင်တဲ့အချိန်မှာ လျို့ဝှက်ကုဒ်မှားတယ်ဆိုပြီး ပြောနေပါတယ်။ လျို့ဝှက်ကုဒ်ပြန်ပြီး အသစ်လုပ်ဖို့ဆိုတာကလည်း သူ့ဖုန်းက အလုပ်မလုပ်တဲ့အတွက် လုပ်မရပြန်ပါဘူး။ အီးမေလ်းကို ဝင်ကြည့်တော့လည်း ဝင်မရတာကြောင့် သံသရက အထွတ်အထိပ်ကို ရောက်သွားပါတယ်။ ဒါနဲ့ ဘဏ်ကို ဖုန်းခေါ်ကြည့်တော့ ဖြစ်ကြောင်းကုန်စင် သိရပါတော့တယ်။
အဲဒီတော့မှ ဘဏ်အကောင့်ကို ချက်ခြင်းပိတ်ပြီး ရဲကို အကြောင်းကြားရပါတယ်။

သူခိုးလုပ်သူက ဒီအချိန်အတွင်းမှာ ဘဏ်စာရင်း၊ ဖုန်း၊ အီးမေလ်း၊ Facebook တွေကနေ မောင်မောင့်အကြောင်း၊ မောင်မောင့်သူငယ်ချင်းတွေ မွေးနေ့၊ လိပ်စာတွေ စုံစမ်းပြီးသွားလောက်ပါပြီ။ ဒါကြောင့် ဒီအဖြစ်အပျက်ကို သင်ခန်းစာယူပြီး Online မှာ ကိုယ့်ရဲ့ အိုင်ဒီတွေ (မှတ်ပုံတင်၊ ကားလိုင်စင်၊ နိုင်ငံကူးလက်မှတ်)၊ ဖုန်းနံပါတ်၊ မွေးသက္ကရာဇ်တွေ အလွယ်တကူ မထားမိဖို့ အရမ်းကို အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ဖုန်းက အလုပ်မလုပ်တော့ဘူးဆိုရင် ဖုန်းကုမ္ပဏီကို ချက်ခြင်းဆက်သွယ်ပြီး စစ်ဆေးဖို့ သင့်ပါတယ်။ လိုအပ်ရင် ဖုန်းနံပါတ်ကို ရပ်ဆိုင်းရပါမယ်။ ဒါ့အပြင် ကုမ္ပဏီကို ဆမ်းကဒ်အသစ်ပြောင်းချင်ရင် လျို့ဝှက်နံပါတ်တောင်းဆိုတဲ့ ထားချင်တဲ့အကြောင်း၊ ဒါမှမဟုတ် ဖုန်းဆိုင်ကို ကိုယ်တိုင်ကိုယ်ကျ သွားပြီး သက်သေခံ အိုင်ဒီနဲ့တကွပြမှ ပြောင်းဖို့ တောင်းဆိုထားသင့်ပါတယ်။

အခုပဲ Facebook settings တွေ စစ်ဆေးကြည့်လိုက်ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *