Jim Crow

၁၉၉၁ လောက်ကပေါ့၊ ကျွန်တော်က ကွန်ပျူတာ သိပ္ပံဘာသာ လေ့လာဖို့ အမေရိကန်ကို ရောက်ရှိခဲ့ပါတယ်။ Cleveland, Ohio က အီတလီရပ်ကွက်လေးတစ်ခုမှာ တိုက်ခန်းငှားနေပါတယ်။ အိမ်နီးနားတဝိုက်မှာ စားသောက်ဆိုင်တွေ၊ အနုပညာ ပြခန်းလေးတွေရှိတယ်။ တစ်နှစ်မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက်ရှိတဲ့ အနုပညာပြပွဲတွေ လုပ်တဲ့အခါဆို လူတိုင်းလမ်းလျှောက်ကြည့်နိုင်အောင် လမ်းပိတ်ပြီး ကျင်းပလေ့ရှိတယ်။

တစ်ညနေသားတော့ ကျောင်းဆင်းပြီး ကားနဲ့အိမ်အပြန်မှာ လမ်းပိတ်ထားတာတွေ့ရတယ်။ လမ်းထဲမှာနေတဲ့သူတွေဆိုရင်တော့ ရဲက လမ်းထိပ်ကနေ စစ်ဆေးပြီး ဝင်ခွင့်ပြုတာ တွေ့ရတယ်။ ကျွန်တော်လည်း ကားရပ်လိုက်ပြီး မှန်ချ၊ အကျိုးအကြောင်းပြောတော့ ရဲက လိုင်စင်တောင်းကြည့်ပြီး နေရပ်လိပ်စာစစ်တယ်။ ပြီးတော့ လက်ဝှေ့ယမ်းပြီး သွားလို့ရတဲ့အကြောင်းပြောတယ်။ လိုင်စင်ကို ပြန်ပေးရင် “ကျေးဇူးတင်ပါတယ် ဆြာ”လို့ ပြန်ပြောတယ်။

“ဆြာ”တဲ့လား။ အမေရိကန် ရဲသားတစ်ယောက်က ကျွန်တော်လို ချာတိတ်လေး တစ်ယောက်ကို တလေးတစား ပြောပြီး ဆက်ဆံခံရတာ အံ့ဩသွားပါတယ်။

ကျွန်တော်အမြင်က ကြာကြာတော့ မခံရှာပါဘူး။ လပိုင်းအတွင်းမှာ Rodney King ကိစ္စဖြစ်တယ်လေ။ ၁၉၉၂ နွေဦးပိုင်းမှာ Rodney King ဆိုတဲ့ လူမည်းတစ်ယောက်ကို အယ်အေရဲတွေက ဝိုင်းရိုက်ကြတာ နံရိုးတွေ ကျိုးတဲ့အထိပါပဲ။ ရဲတွေကို ခုံရုံးတင် စစ်ဆေးပေမဲ့ အပြစ်မရှိပါတဲ့။ လူတစ်ယောက်က ခွေးတစ်ကောင်ကို အသေအကြေရိုက်မိရင် အဲဒီလူ ထောင်ထဲရောက်မှာ သေချာတယ်။ ဒါပေမယ့် လူမည်းတစ်ယောက် အရိုက်ခံရတော့ အမိန့်ချတာက အပြစ်မမြောက်တဲ့လား။

အဲဒီခါကျမှ ကျွန်တော် တွေးမိတယ်။ one America တစ်စိတ်တည်း အမေရိကဆိုတာ မရှိပါလား၊ မဟုတ်ပါလား။ လူမည်းတွေအတွက် တစ်ခြမ်းကွဲနေပါလား။ နောက် ပိုသိရတာက လူမည်းကလေးတွေဆိုရင် သူတို့ရဲ့အိမ်မှာ “အရွယ်ရောက် ပြောစရာအကြောင်း” ဆိုပြီး ပြောပြရတဲ့ ကိစ္စတစ်ခုရှိတယ်တဲ့။ ဘာအကြောင်းအရာလဲဆိုရင် ရဲတားတာခံရတဲ့အချိန်မှာ ဘယ်လိုပြုမူရမယ်၊ တစ်ချက်မှားရင် နားကားမယ်တဲ့။ သေသွားနိုင်တာကို ပြောတာ။ မိဘတွေက ဒီအကြောင်းအရာကို ပြောကို ပြောကြရတယ်တဲ့၊ ဘာလို့လဲဆိုတော့ လူမည်းဆိုရင် ရဲက ပိုတားချင်၊ စစ်ဆေးချင်ကြလို့ပါတဲ့ဗျား။

ကျွန်အရောင်းအဝယ်ဆိုတာ အမေရိကန်သမိုင်းအတွက် အမည်းစက်ကြီးတစ်ခုပေါ့။ တချိန်ကအမှားတွေကို ပြင်ဆင်ဖို့ နေနေသာသာ ဒီနေ့ထက်ထိ လူမည်းတွေအပေါ် အကြောင်းအမျိုးမျိုးနဲ့ မတရားမှုတွေကျူးလွန်ရင်း သမိုင်းသစ် ရေးနေဆဲပါပဲ။

ဒါကို ဘာမှ မဟုတ်ဘူးထင်ရင် လူမည်းတစ်ယောက်ဘဝရဲ့ တစ်နေ့တာကို ဖြတ်သန်းခံစားကြည့်ပါ။ သူတို့တွေ နေ့စဉ်ဘဝ ဘယ်လိုဖြတ်သန်းနေလဲ စကားစမြည်ပြောကြည့်ပါ။ ကိုယ့်အိမ်ရှေ့မှာ မြက်ရိတ်နေတုန်း မှတ်ပုံတင် တောင်းကြည့်ခံရတာ၊ ပန်းခြံထဲ အေးအေးလူလူ လမ်းလျှောက်နေတုန်း အန္တရာယ်အဖြစ် သတ်မှတ်ခံရပြီး ၉၁၁ ခေါ် တိုင်ခံရတာ၊ လက်နက်မဲ့လူတစ်ယောက်ကို ပစ်သတ်ခံရတာ၊ ကလေးတွေ ပစ်သတ်ခံရတာ၊ မျိုးစုံ ကြားရပါလိမ့်မယ်။

ဒါဆို ခင်ဗျားဘာလုပ်ပေးနိင်မလဲ။ ဒီမှာ အကြံပြုချက်တစ်ချို့ ကြည့်ကြည့်ပါ။

  • 13th လို့ခေါ်တဲ့ မှတ်တမ်းရုပ်ရှင်ကြည့်ပါ။ ခေါင်းစဉ်က အမေရိကန် အခြေခံဥပဒေရဲ့ ၁၃ ကြိမ်မြောက် ပြင်ဆင်ချက်ဖြစ်တဲ့ ကျွန်အရောင်းအဝယ် တရားမဝင်ပြုလုပ်ခြင်းဆိုတာကနေ ယူထားတာ ဖြစ်ပါတယ်။ ၁၈၆၅မှာ ပြဋ္ဌာန်းထားတာပေါ့။ ဒါပေမဲ့ လက်တလုံးခြားနည်းတွေသုံးပြီး ချိုးဖောက်နေကြဆဲပါပဲ။ အမေရိကဆိုတာ လူတွေကို နည်းအမျိုးမျိုးသုံးပြီး ထောင်ချတာ ကမ္ဘာမှာ နံပါတ်တစ်ပါ။ ကမ္ဘာ့ထောင်သားဦးရေ လေးယောက်မှာ တစ်ယောက်ဟာ ယူအက်စ်မှာ ရှိပါတယ်။
  • ၁၆၁၉ ပရောဂျက်ကို ဖတ်ပါ။
  • ယူအက်စ်သမိုင်းကြောင်းကို လေ့လာပါ။ တကယ့်သမိုင်းအစစ်အမှန်ပေါ့။ အဖြူရောင်ဆိုးထားတဲ့ သမိုင်းမဟုတ်ပါဘူး။ Last Week Tonight တွေကနေ စပါ။
  • လူမည်းတွေကို ဘယ်လိုထောင်ထဲထည့်လဲဆိုတာ သိဖို့ The New Jim Crow စာအုပ်ဖတ်ပါ။
  • အရေးကြီးဆုံးအချက်အနေနဲ့ ဖွင့်ဟပြောဆိုပါ၊ မတရားတာ ကြုံတွေ့ရင် နှုတ်ဆိတ်မနေပါနဲ့။ ပြောပါ၊ ရေးပါ၊ လမ်းမထွက် ဆန္ဒဖော်ထုတ်ပါ။ ကဗျာဆရာ Ella Wheeler Wilcox ပြောဖူးတယ်။ “လူတစ်ယောက်ဟာ ဆန္ဒဖော်ထုတ်ရမယ့်အချိန်မှာ နှုတ်ဆိတ်နေရင် လူ့အန္ဓပဲ”တဲ့။ ဆက်စပ်ပြီး ဂျူးဘာသာရေးသမားနဲ့ အခွင့်အရေးလှုပ်ရှားသူဖြစ်တဲ့ Joachim Prinz စာတွေ ဖတ်ကြည့်ပါ။

Written by Anu Garg and translated by me.